အမျိုးသားအဆင့် နေရာဒေသဆိုင်ရာကုဒ် (NCS Code) စနစ်သည် နေရာဒေသများကို ရည်ညွှန်းရာတွင် စံအဖြစ် အသုံးပြုနိုင်ရန်ဖော်ဆောင်ခြင်းဖြစ်ပါသည်။ နေရာဒေသများကို ကိုရည်ညွန်းသည့် စံစနစ်တစ်ခုတည်းကိုအသုံးပြုခြင်းအားဖြင့် အသုံးပြုသူများအကြား အချက်အလက် များကို ဖလှယ် ရာတွင် လွယ်ကူမြန်ဆန်တိကျစေပါသည်။
ထိုသို့အသုံးပြုရာတွင် နေရာဒေသ အဆင့် နှင့် ကိုက်ညီမှန်ကန်သည့် ကုဒ်များကို ကော်လံတစ်ခုတွင်ထည့်သွင်းဖော်ပြရပါမည်။
ထိုသို့ထည့်သွင်းရာတွင်ကော်လံ၏ data type မှာ text အမျိုးအစားဖြစ်ရပါမည်။
အုပ်ချုပ်မှုယူနစ်များ၏ လက်ရှိအခြေအနေ (Status)
NCS Database တွင် အုပ်ချုပ်မှုအဆင့် အမည်နှင့်တွဲလျက် “Status” ကို တွေ့ရပါမည်။ (ဥပမာ - VillageStatus)“Status” တွင် “Active” နှင့် “Inactive” ဟူ၍နှစ်မျိုးရှိပါသည်။
“Active” ဆိုသည်မှာ လက်ရှိမြေပြင်ပေါ်ရှိနေသော အုပ်ချုပ်မှု ယူနစ်များဟု ဆိုလိုပါသည်။ (ဥပမာ - VillageStatus တွင် “Active” များကိုသာ ရွေးကြည့်ပါက ထုတ်ပြန်ထားသော ရက်စွဲအရ မြေပြင်ပေါ်ရှိရွာများ စာရင်းဖြစ်ပါသည်။)
“Inactive” ဆိုသည်မှာ ပြောင်းလဲခြင်း အကြောင်းတစ်စုံတစ်ရာကြောင့် မြေပြင်ပေါ်တွင် မရှိတော့သည့် အုပ်ချုပ်မှု ယူနစ်များဖြစ်ပါသည်။ (ဥပမာ - VillageStatus တွင် “Inactive” ဖြစ်ပြီး ChangeType တွင် “VillagetoWard” ဖြစ်ပါက ထိုရွာသည် ကျေးရွာမှ ရပ်ကွက် အဆင့် တိုးမြှင့် ဖွဲ့စည်းလိုက်ပြီး ကျေးရွာစာရင်းမှ ပယ်ဖျက်လိုက်သည့် ရွာဖြစ်ပါသည်။)
ပြောင်းလဲခြင်းအမျိုးအစားများ
ပြောင်းလဲခြင်းအမျိုးအစား စုစုပေါင်း (၈) ခု ရှိပါသည်။ ပြောင်းလဲခြင်းအမျိုးအစား ၁ ခုခြင်းစီသည် အုပ်ချုပ်မှုအဆင့်တိုင်းတွင် ဖြစ်နိုင်ပါသည်။
ပြောင်းလဲခြင်းအမျိုးအစား | ဥပမာ | ||
---|---|---|---|
English | မြန်မာ | ||
Delete | ပယ်ဖျက်ခြင်း | အမိန့်စာအမှတ် ၁၂၅၉/၂၀၁၅ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ၊ ဇလုပ်ကျေးရွာအုပ်စုမှ ကံပြားကလေးကျေးရွာအား ပယ်ဖျက်ခြင်း။ | |
Merge | စုစည်းခြင်း | အမိန့်စာအမှတ် ၁၆၀၄/၂၀၁၈ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့ နယ်၊ စန္ဒားကျေးရွာအုပ်စု မှ မြင်းစီးကုန်း ၊ သဖန်းကုန်းနှင့် ဇီးပင်သာအား စုစည်းပြီး စန္ဒားကျေးရွာ အဖြစ်ဖွဲ့စည်းခြင်း။ | |
Move | ပြောင်းရွှေ့ဖွဲ့စည်းခြင်း | အမိန့်စာအမှတ် ၅၇၂/၂၀၁၈ အရ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်ရှိ ကောင်းကလော ကျေးရွာအုပ်စုအား ရှမ်းပြည်နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ ဖွဲ့စည်းခြင်း။ | |
Name Change | အမည်ပြောင်းခြင်း | အမိန့်စာအမှတ် ၁၄၅၀/၂၀၁၇ အရ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဖတ်မာကျေးရွာအုပ်စုမှ ဖျင်ကောင်ကျေးရွာ အား ဖတ်မာယန်ကျေးရွာအဖြစ် အမည် ပြောင်းလဲ ဖွဲ့စည်းခြင်း။ | |
Split | ခွဲထွက်ခြင်း | အမိန့်စာအမှတ် ၁၆၀၄/၂၀၁၈ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ကို မြို့နယ် ၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားရာမှ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ဗန်းမောက်မြို့နယ် နှင့် အင်းတော် မြို့နယ် ၄ မြို့နယ်ကို စုစည်း၍ ကသာခရိုင်အဖြစ် လည်းကောင်း၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ် နှင့် ပင်လည်ဘူးမြို့နယ် ၃ မြို့နယ်ကို စုစည်း၍ ကောလင်းခရိုင် အဖြစ်လည်းကောင်း ခရိုင် ၂ ခရိုင် တိုးချဲ့ဖွဲ့စည်းခြင်း။ | |
Village to Ward | ကျေးရွာမှ ရပ်ကွက်အဆင့်သို့ တိုးမြှင့် ဖွဲ့စည်းခြင်း | အမိန့်စာအမှတ် ၉၆၂/၂၀၁၆ အရ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ လိပ်ချောင်း ကျေးရွာအုပ်စုအတွင်းရှိ ဥယျာဉ်ကုန်း ကျေးရွာအား ငပုတောမြို့တွင် အရှေ့ပိုင်းရပ်ကွက်အဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်း။ | |
VT to Town | ကျေးရွာအုပ်စုမှ မြို့အဆင့်သို့ တိုးမြှင့် ဖွဲ့စည်းခြင်း | အမိန့်စာအမှတ် ၁၃၈၇/၂၀၁၇ အရ ကယားပြည်နယ်၊ လွိုင်ကော် ခရိုင်၊ ဒီးမော့ဆိုမြို့နယ်မှ နန်းမယ်ခုံ ကျေးရွာအုပ်စု အား နယ်မယ်ခုံမြို့ အဖြစ် တိုးမြှင့် ဖွဲ့စည်းခြင်း။ | |
VT to Ward | ကျေးရွာအုပ်စုမှ ရပ်ကွက်အဆင့်သို့ တိုးမြှင့် ဖွဲ့စည်းခြင်း | အမိန့်စာအမှတ် ၁၀၁၆/၂၀၁၈ အရ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ ဝက်ကုန်းကျေးရွာအုပ်စု ၊ ဟန်းတဲကျေးရွာအုပ်စု နှင့် အောင်သာကျေးရွာအုပ်စု တို့အား ဗန်းမော်မြို့ တွင် ရပ်ကွက်များအဖြစ် ဖွဲ့စည်းခြင်း။ |
လက်ရှိ ဒေတာဘေ့စ် များတွင် ထည့်သွင်း အသုံးပြုခြင်း
လက်ရှိအသုံးပြုနေသည့် ဒေတာဘေ့စ်များရှိကုဒ်များ ကို NCS ကုဒ်များဖြင့်အစားထိုးခြင်း ပြုလုပ်ရန်မလိုအပ်ပါ။ယင်းအစား လက်ရှိအသုံးပြုထားသည့် ကုဒ်များနှင့် သက်ဆိုင်သည့် NCS ကုဒ်များကို ဇယားသစ်တစ်ခုတွင်ထည့်သွင်းပြီး ယင်းဇယားကို ဒေတာဘေ့စ်ထဲတွင် ကြားခံ ဇယား (intermediate table) အဖြစ်ထားကာ အချက်အလက်များ တွက်ချက်ရာတွင် ထည့်သွင်း အသုံးပြု နိုင်ပါသည်။
ကြားခံဇယား (intermediate table) ကို Excel Pcoder Add-in အသုံးပြုပြီး ဖန်တီးပြုလုပ်နိုင်ပါသည်။